အဘွားအိုတစ်ဦး၏ မျက်စိအတွင်းမှ မျက်ကပ်မှန် ၂၇ ခုကိုတွေ့ရှိ




ဗြိတိန်ခွဲစိတ် ဆရာဝန်များသည် အသက် ၆၇ နှစ်ရှိ အဘွားအိုတစ်ဦး၏ မျက်စိအတွင်း၌ ပိတ်မိနေသည့် မျက်ကပ်မှန် ၂၇ ခုကို ရုတ်တရက်တွေ့ရှိ လိုက်ရသည်။ ထို့နောက်တွင် ယင်းမျက်ကပ်မှန်များကို ထုတ်ယူရန်အတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထိုအဘွားအိုကို အတွင်းတိမ် ခွဲစိတ်မှုလုပ်ဆောင်ရန် ဆရာဝန်များက ပြင်ဆင်လိုက်ရသည်။

အပြာဖျော့ရောင်ရှိသည့် အဆိုပါမျက်ကပ်မှန် များကြောင့် အဘွားအိုမှာ မျက်စိခြောက်သွေ့ခြင်းကို ခံစားရပြီး ယင်းသို့ဖြစ်ရ ခြင်းမှာလည်း အသက်အရွယ် ကြီးရင့်လာခြင်း ကြောင့်ဖြစ်သည်ဟု အဘွားအိုကမှတ်ယူ ထားကြောင်း ဗြိတိန် ဆေးပညာဂျာနယ်၌ ဇူလိုင် ၅ ရက်တွင် ဖော်ပြပါရှိပြီးနောက် ဗြိတိန်သတင်းဌာနများက ဆက်လက် ဖော်ပြခြင်းဖြစ်သည်။

မျက်စိအထူးကု ဆရာဝန်များသည် ကနဦးတွင် မျက်ကပ်မှန် ၁၇ ခုအား ချွဲသလိပ်များ အကြားတွင် ပိတ်မိနေသည်ကို တွေ့ရှိခဲ့ရပြီး ထို့နောက်တွင်မှ ကျန်မျက်ကပ်မှန် ၁ဝ ခုမှာ မျက်စိအတွင်း ပိတ်မိနေသည်ကို ဆက်လက်တွေ့ရှိခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးကို ဆေးပညာ သမိုင်းတွင် မည်သည့်အခါကမျှ မြင်တွေ့ဖူးခြင်း မရှိကြောင်း ဘာမင်ဂမ်မြို့အနီးရှိ ဆိုလီဟူးဆေးရုံမှ မျက်စိကုသမှုဆိုင်ရာ အထူးကုသင်တန်း သားတစ်ဦးဖြစ်သည့် ရူပယ်မော်ဂျာရီယာက ပြောသည်။

မျက်ကပ်မှန် ၁၇ ခုကို မျက်စိအတွင်း၌ တစုတစည်းတည်း တွေ့ရခြင်း ဖြစ်ကြောင်း၊သို့သော် အဘွားအိုသည် မျက်စိကျိန်းစပ်ခြင်း ဝေဒနာများကို ခံစားနေရသော်လည်း ယင်းသို့ မျက်ကပ်မှန်များ မျက်စိအတွင်း ရှိနေသည်ကို မသိရှိသည့်အတွက် အမှန်တကယ်ပင် အံ့သြ မင်သက်မိကြောင်းနှင့် ယခုဖြစ်စဉ်သည် ကြီးမားသောဖြစ်စဉ် တစ်ခုပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗြိတိန်ဆေးပညာ ဂျာနယ်တွင် ဖော်ပြချက်အရ အဘွားအိုသည် တစ်ခါသုံးမျက်ကပ် မှန်များကို နှစ်ပေါင်း ၃၅ နှစ်တိုင်အောင် နေ့စဉ် တပ်ဆင်နေရသူ ဖြစ်ကြောင်း သိရသည်။

အဘွားအို၏ ညာဘက်မျက်စိသည် အမြင်အာရုံချို့ယွင်းပြီး မျက်စိ နှစ်ဖက်စလုံးမှာ ကြီးမားကာ အတွင်းသို့ ချိုင့်ဝင်နေသည့် အတွက် ပြင်ပပစ္စည်းများ မျက်စိအတွင်းရှိနေ ခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း ဖြစ်သည့်အပြင် အဘွားအိုသည် မျက်စိဆရာဝန်နှင့်လည်း ပုံမှန်ရက်ချိန်း အတိုင်းပြသခြင်း မရှိကြောင်း ထိုဂျာနယ်၏ ဆောင်းပါးတွင်ဖော်ပြ ထားသည်။

#PyiChitThar

Share this

Related Posts

Previous
Next Post »

Label Pilihan