ဘင်္ဂလားဒေ့ရှ်မှ သစ်ပင်လူသားအား ခွဲစိတ်မှုအောင်မြင် ၊ လက်များကို ပြန်လည် အသုံးပြုလာနိုင်





ဒါကာ ၊ ၁၁-၁-၂၀၁၇

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မထင်မရှား မြို့ငယ်လေး တစ်ခုမှ အသက် ၂၇ နှစ်အရွယ် လူတစ်ဦး၏ လက်များသည် သစ်ပင်ကဲ့သို့ ဖြစ်လာသော ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားနေခဲ့ရရာမှ ယခုအခါ ခွဲစိတ်မှု အကြိမ်ကြိမ် ခံယူခဲ့ပြီးနောက် လက်များကို ပြန်လည် အသုံးပြုနိုင်လာပြီ ဖြစ်ကြောင်း သိရသည်။

၎င်းမှာ အဘူဘာဂျန်ဒါ ဆိုသူ ဖြစ်ကြောင်း၊ လက်များ သစ်ပင်သစ်ကိုင်း ကဲ့သို့ ဖြစ်ကုန်သော ဝေဒနာကို နှစ်ပေါင်းများစွာ ခံစားခဲ့ ရကြောင်း၊ ယမန်နှစ် ဖေဖော်ဝါရီမှ စတင်ကာ ခွဲစိတ်ကုသမှု များကို အကြိမ်ပေါင်း များစွာ ခံယူခဲ့ရကြောင်း၊ ယမန်နေ့ အချိန်ထိ ခွဲစိတ်မှု ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်များ ပုံမှန်ဖြစ်လုနီးပါး အောင်မြင်မှု ရရှိနေပြီ ဖြစ်ကြောင်း၊ နောက်ထပ် ခွဲစိတ်မှု အကြိမ် အနည်းငယ် ပြုလုပ်ပြီးနောက် ဆေးရုံမှ ဆင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဘာဂျန်ဒါအား ခွဲစိတ်ကုသမှု ကို ဒါကာ ဆေးတက္ကသိုလ် ဆေးရုံ၌ ပလတ်စတစ် ဆာဂျင်ရီ ဒေါက်တာ စမန်သာလာစင် က ဦးဆောင်ကာ ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ဘာဂျန်ဒါ သည် အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ကြောင်း၊ ၄င်း၏လက်ကို အသုံးပြုကာ အစာစားခြင်း၊ စာရေးခြင်း တို့ကို ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော ခွဲစိပ်မှုများမှာ လက်ကို သဘာဝအတိုင်း အမြင်တင့်တယ် စေရန် အလှပြင် ပေးရမည့် အပိုင်းများသာ ဖြစ်ကြောင်း ပြောပြသည်။

''ဘာဂျန်ဒါ ခံစားနေရတာ epidermodysplasiaverruciformis ဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ ရောဂါဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဒီလိုလူနာမျိုးကို လက်ချိုးရေတွက်လို့ ရပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါခုခံတဲ့ စနစ်မှာ အားနည်းချက် ဖြစ်ပေါ်ပြီး HPV ဗိုင်းရပ်စ်ကို ခံနိုင်ရည်မရှိခြင်း ဖြစ်ပါတယ်'' ဟု စမန်သာက ရှင်းပြသည်။

'' ခွဲစိတ်မှု မပြုလုပ်ခင် ကျွန်တော်ကိုယ်တိုင် မစားနိုင်၊ မသောက်နိုင် ခဲ့ပါဘူး။ သွားတိုက်တာ၊ ရေချိုးတာကအစ အကူအညီပါမှ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်လဲ သာမန်လူ တစ်ယောက်လို နေချင်ပါတယ်။ အခုဆိုရင် ကျွန်တော်ချစ်တဲ့ သမီးလေးကို အားပါးတရ ပွေ့ဖက် နိုင်ပါတော့မယ်''ဟု ဘာဂျန်ဒါ က ပြောပြသည်။

#PyiChitThar

Share this

Related Posts

Previous
Next Post »

Label Pilihan